
ပထမ ပြင်းအားမြင့် ငလျင်။ နောက် ဧရာမ ဆူနာမီ လှိုင်းလုံးတွေ လိုက်ဖျက်ဆီးသည်။ ယခု ဂျပန်ရဲ့ ကံဆိုး မိုးမှောင်ကျမှုထဲ ရေဒီယို သတ္တိကြွတွေ ထုတ်လွှတ်မယ့် နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှု ကပ်ဆိုးပါ
လိုက်လာပြီလား။
မေလ ၁၁ ရက်နေ့ ၈.၉ ပြင်းအားရှိ ငလျင်ကြောင့် ဂျပန်နိုင်ငံရဲ့ စွမ်းအင်ထုတ် နျူကလီးယား ဓာတ်ပေါင်းဖို ၅၅ ခု အနက် ၁၀ ခု အလိုအလျောက် ရပ်သွားသည်။ ဖူကူရှီမားရှိ ဓာတ်ပေါင်းဖို ငါးခုက အအေးပေးစနစ် ချို့ယွင်းပြီး အပူချိန် မြင့်တက် နေသည်။ ပင်လယ်ရေကို အသုံးပြုတဲ့ အအေးပေးစနစ် ဆူနာမီကြောင့် ချို့ယွင်းသွားပုံရသည်။ စက်ရုံနှစ်ခု အပူချိန် မြင့်တက်လွန်းတာကြောင့် လျှော့ဖို့ အငွေ့တွေ ထုတ်လွှတ်ပေးခဲ့ရသည်။ ထိန်းချုပ်ခန်းအတွင်းရှိ ရေဒီယို ဓာတ်ရောင်ခြည် တွေက ပုံမှန်နှုန်းထက် အဆ ၁၀၀၀ မြင့်တက်နေသည်။
မေ ၁၂ ရက်နေ့ ညနေပိုင်းမှာ ဖူကူရှီမာ က ဒိုင်အီချီ အမှတ် (၁) စက်ရုံ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး မီးခိုးတွေ တဘူးဘူး မှုတ်ထုတ်နေသည်။ စက်ရုံ အမိုးတွေ လန်သွားသည်။ ၀န်ကြီးအဖွဲ့ အတွင်းရေးမှုး ယူကီယို အီဒါနို က ရေနွေးငွေ့ ပိုက်လိုင်း ပေါက်တာဖြစ်ကြောင်း၊ ဒါပေမဲ့ အပူချိန်တက်ပြီး နျူကလီးယား လောင်ကျွမ်းမှု မဖြစ်အောင် ဟန့်တားဖို့ ဘိုးရစ်အက်ဆစ်နဲ့ နျူထရွန် အပြင်းစားကို မကြုံဘူးအောင် အသုံးပြုနေရကြောင်း မယုတ်မလွန် ပြောသွားသည်။ အလုပ်သမား ၁ ဦး သေပြီး ၄ဦး အပြင်းအထန် ဒဏ်ရာရသွားသည်။

ပြောပြောဆိုဆို ဖူကူရှိမား ဒိုင်အီချီ စက်ရုံနဲ့ ကီလိုမီတာ ၂၀ ပတ်လည်ရှိ လူထောင်သောင်းများစွာကို အစိုးရက ပြောင်း ရွှေ့ပေးနေသည်။ ဓာတ်ပေါင်းဖို တစ်စုံတစ်ခု မှားယွင်း သွားရင် တစ်စက္ကန့်အတွင်း ၁၀ ကီလိုမီတာ ပတ်လည်ကို အန္တရာယ် ချက်ချင်း ရောက်သွားမည်။
ပြီးခဲ့တဲ့ရက်အတွင်း ငလျင်ကြီး သုံးခု ဆက်တိုက်ကြောင့် ဂျပန် အရှေ့မြောက်ပိုင်းတစ်ခုလုံး အဆောက်အဦတွေ ပြိုကျ ပျက်ဆီးခဲ့ရသည်။ နောက်ထပ် ၆ မီတာ အမြင့်ရှိ ဆူနာမီ ရေလှိုင်းကြီးက သိမ်းကျူံး ရိုက်ခတ် ဖြိုချသွားခဲ့ပြီ။ ကားတွေ၊ လူနေအိမ်တွေ၊ မြို့တွေ၊ လယ်ယာလုပ်ငန်းတွေ အကုန်လုံး ရွှံ့ညွှန်ဒိုက်သရောတို့အောက် အပိုင်းပိုင်းအစစ ကြေမွသွား သည်။ စစ်သား ၅၀၀၀၀ နဲ့ ကယ်ဆယ်ရေး အစီအစဉ်တွေ လုပ်ခဲ့သည်။ ရဟတ်ယာဉ်နဲ့ လူ ၃၀၀၀ ကျော် ကယ်တင်နိုင် ခဲ့သည်။ လူ ၆၀၀ ကျော်သေဆုံးပြီး ၆၅၀ ပျောက်ဆုံးနေတယ်ဟု တရားဝင် ကြေငြာထားသည်။
အီတလီ အမျိုးသား ပထ၀ီရူပဗေဒနဲ့ မီးတောင် လေ့လာရေးဌာနက ကြီးမားတဲ့ ငလျင်ကြောင့် ဂျပန် အနောက်မြောက် ကမ်းခြေ ၂၅ စင်တီမီတာ ရွေ့သွားသည်ဟု ပြောသည်။ အမေရိကန် ပထ၀ီ လေ့လာရေး အဖွဲ့က ဂျပန်ကျွန်းကြီး ၂.၅ မီတာ ရွေ့သွားသည်ဟု ဆိုသည်။ ဆူနာမီကြောင့် အိမ်အလုံးရေ ၅.၆ သန်း မီးပျက်သွားခဲ့ရသည်။ နစ်ဆန်း၊ ဟွန်ဒါ၊ တိုရိုတာ၊ ဆိုနီ၊ တိုရှီဘာ ကမ္ဘာကျော် လုပ်ငန်းကြီးတွေရဲ့ စက်ရုံတွေ ကုမ္ပဏီတွေ ရပ်သွားခဲ့သည်။
အကယ်၍ မပြောကောင်း မဆိုကောင်း နျူကလီးယား ပါဝါစက်ရုံတွေ အအေးပေးစနစ် မနိုင်ဘဲ အပူချိန်တက်ပြီး အန္တရာယ် ဘေးဆိုးကြီး ထပ်ဖြစ်သွားရင်ဖြင့်..။ ဂျပန်အတွက် မတွေးဝံ့စရာပင်။
Source: CNN & Al jazeera






No comments:
Post a Comment