‘ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး’ ဆုတောင်းပွဲကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ လုသရင်ဗက်သလီဟင်း(မ်) ခရစ်ယာန်ဘုရားကျောင်းတွင် တနင်္လာနေ့က ပြုလုပ်ခဲ့သည်။
ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ နှင့် အစ္စလာမ် ဘာသာတို့ စုပေါင်း၍ ငြိမ်းချမ်းရေး ဆုတောင်းခြင်းကို မနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပခဲ့ကြောင်း ကမကထပြုခဲ့သည့် မေတ္တာကမ်ပိန်းအဖွဲ့မှ နိုင်ငံရေး အကျဉ်းသား
ဟောင်း ကိုဘထူးမောင်က မဇ္ဈိမကို ပြောသည်။
“လက်ရှိ တိုင်းပြည်မှာ ငြိမ်းချမ်းရေး လိုအပ်နေတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် မေတ္တာတရားက အရေးကြီး တယ်။ တကယ့်စစ်မှန်တဲ့ ကမ္ဘာ့မေတ္တာတရားကို အခြေခံထား ဖြေရှင်းနိုင်မှ ကမ္ဘာတည်သ၍ ငြိမ်းချမ်းရေးကို ရမယ်”ဟု ပြောသည်
ဘာသာကြီး လေးခု မှ ဆရာတော်များကို ဖိတ်ကြားခြင်းဖြင့် ယင်းဆရာတော်များက သက်ဆိုင်ရာ ဘာသာအလိုက် ဆုတောင်းခြင်းနှင့် ငြိမ်းချမ်းခြင်းဆိုင်ရာ တရားဟောခြင်းများ ပြုလုပ်ခဲ့ကြသည်။
“ထောင်ထဲမှာ ၁၁ နှစ်၊ ဒေါက်ခြေချင်းနဲ့ ရက်ပေါင်း ၅ဝဝ ကြာခဲ့တယ်။ အရင်တုန်းကတော့ ဘယ်လို လက်စားချေမယ်၊ ဘယ်လို ချမယ်ဆိုတဲ့ နာကြည်းမှုတွေအပြည့်ပေါ့။ အခုဟာကတော့ ဘဝအတွေ့အကြုံက သင်ယူလာတဲ့ မေတ္တာတရားသာလျှင် အားလုံး တို့တိုင်းပြည်ကို အမြန်ဆုံး ငြိမ်းချမ်းနိုင်မယ်” ဟု ကိုဘထူးမောင်က ပြောသည်။
မေတ္တာ လှုပ်ရှားမှု အဖွဲ့မှာ ကော်မတီ အဖွဲ့အစည်းတခု မဟုတ်ဘဲ ‘ဆရာမရှိ၊ တပည့်မရှိ၊ ပြည်သူ့မျက်နှာကြည့်’ ဆိုသည့် ဆောင်ပုဒ်သာလျှင်ရှိကြောင်း မေတ္တာလှုပ်ရှားမှုအဖွဲ့မှ ကိုစမ်း က ပြောသည်။
ဒီ ငြိမ်းချမ်းရေး ဆုတောင်း ပွဲတော်ကို ငြိမ်းချမ်းရေး စာရေးဆရာ ဒဂုန်တာရာနှင့် မကြာသေးခင်က မြောင်းမြ
ထောင်မှ လွတ်မြောက်လာတဲ့ အရှင်ဂမ္ဘီရတို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ဤ မေတ္တာလှုပ်ရှားမှုကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်တို့ ပထမဆုံးအကြိမ်
တွေ့ဆုံစဉ်ကတည်းက စတင် လှုပ်ရှားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။