မန္တလေး မဟာအောင်မြေမြို့နယ် ၈၇၊ ၈၈၊ ၃၈၊လမ်း ၄၀ ကြားက ကျောက်ဝိုင်းမှာ ဗမာကျောက်ကုန်သည် တဦးနဲ့ တရုတ်ကုန်သည်တို့ အရောင်းအဝယ်လုပ်နေရာမှ ခိုက်ရန်ဖြစ်ပွားမှုတခု ဒီကနေ့ မနက်မှာ ဖြစ်ပွားခဲ့ပါတယ်။
မနက် ၉ နာရီလောက်က စဖြစ်တယ်။ ကိုမော်ကြီးဆိုတဲ့ ကျောက်သမားဆီက သိန်းလေးဆယ်နဲ့ ဈေးဖြတ်ထားတဲ့ ကျောက်ကို တရုတ်တွေမယူလို့ စကားများပြီး တရုတ်တွေက ကိုမော်ကြီးကို ၀ိုင်းထိုးကြတယ်။ အဲဒီမှာ မြန်မာတွေ အများကြီးဝိုင်းလာပြီး ထုကြနှက်ကြ ဖြစ်ကုန်တာ။
နောက်တော့ ရဲတွေရောက်လာတယ်။ ပြဿနာဖြစ်တဲ့ တရုတ်တွေရှိတဲ့ဆိုင်ကို ဝိုင်းထားတဲ့ မြန်မာတွေကို ငါးမြို့နယ် က ရဲတပ်ဖွဲ့အင်အား ၁၀၀ လောက်လာပြီး ကာထားရတယ်။ အုပ်ချုပ်ရေးရုံးကနေ မြန်မာတွေလူစုခွဲဖို့ မိုက်နဲ့ အဆက် မပြက်အော်နေတယ်။ မြန်မာတွေလည်း လူစုမခွဲပဲ များများလာတယ်။ နောက်ပိုင်း တရုတ်တွေကို ရဲကားနဲ့ ထုတ်သွား ရတယ်။ အားလုံးပေါင်း တရုတ် ၆ ယောက်ကို လက်ထိပ်ခတ်ပြီး ခေါ်သွားတယ်။ အထိုးခံရတဲ့ ကိုမော်ကြီး ကိုတော့ ဆေးရုံပို့လိုက်ရတယ်လို့ သိရပါတယ်။ ဒီနေ့တော့ ကျောက်ဝိုင်းကို ပိတ်လိုက်ပြီး အပြင်ကလူတွေ အ၀င်မခံတော့ပါဘူး လို့ သိရတယ်။










